ကလေးပိစိကွေးလေးတွေမှာ အဖြစ်များတဲ့ သေးခံလောင်တာကို သက်သာစေဖို့
ကလေးက ငိုနေတာမှ ခြစ်ခြစ်တောက် ဖျားနေတာလည်း မဟုတ်ပြန်ဘူး။ ချော့လို့မရအောင်အထိ ငိုနေတာ ဘာလို့များလဲ တစ်ခုခုနဲ့များ ထိခိုက်မိထားတာလား။ ပုရွက်ဆိတ်များ ကိုက်ခံထားရတာလား။ ဆိုပြီး စစ်ကြည့်တော့လည်း မတွေ့ဘူး။
ဒါပေမယ့် ကလေးလေးကို ရှူးရှူးတွေ၊ ဘူးဘူးတွေကြောင့် ပေကျံတာမျိုး မဖြစ်အောင်ဆိုပြီး Diaper တော့ သုံးပေးမိတယ် ဆိုရင်တော့ စဉ်းစားရမှာ တစ်ခု ရှိပါတယ်။ ဒါကတော့ ကလေးလေး ပေါင်ခြံတွေ တင်ပါးတွေမှာ နီရဲရောင်ရမ်းနေလား ဆိုတာပါ။ စစ်ကြည့်လိုက်လို့ ကလးလေးရဲ့ ပေါင်ခြံနဲ့ တင်ပါးတွေမှာ နီရဲ ရောင်ရမ်းနေမယ်ဆိုရင်တော့ သေချာပါတယ်။ ကလေးလေး ငိုနေတာက သေးခံလောင်တဲ့နေရာက နာလို့ပါ။
ကလေးပိစိကွေးလေး သေးခံလောင်နေလား ဘယ်လို သိနိုင်မလဲ
အပေါ်မှာ ပြောခဲ့သလို Diaper ဝတ်ထားတဲ့နေရာတွေ ဖြစ်တဲ့ ပေါင်ခြံ၊ တင်ပါးလိုနေရာတွေမှာ နီရဲနေမယ်။ ရောင်နေမယ်။ ပွန်းရာလေးတွေ ရှိနေမယ်။ အဖုအပိမ့်လေးတွေ ထွက်နေမယ်။ အရေပြား အဖတ်လန်သလိုမျိုးလေးတွေ ဖြစ်နေမယ် ဆိုရင်တော့ ကလေးလေးက သေးခံလောင်နေတာပါ။
သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာမှ မဟုတ်ဘူး။ တောက်တောက်ပြေးနေတဲ့ အရွယ်ထိသေးခံဝတ်တဲ့ ကလေးတိုင်းမှာ သေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။
ကလေးလေးတွေမှာ သေးခံလောင်ရတဲ့ အကြောင်းအရင်း
ကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေထဲက တစ်ခုက သေးခံလောင်တာပါ။ဖေဖေမေမေတို့ ဂရုစိုက်မှု အားနည်တာကြောင့် ဘာကြောင့်ရယ် မဟုတ်ပါဘူး။ ကလေးရဲ့ အရေပြားက နုနယ်သေးလွန်းတာကြောင့် ကလေးလေးတွေမှာ သေးခံလောင်ရတာပါ။
သေးခံက သေးစိုနေတာကို မလဲပေးမိဘဲ အချိန်ကြာမြင့်စွာ ထားမိတာ၊ သေးတွေ တစ်ချိန်လုံး စိုနေတာ
ဝမ်းတွေ ပေကျံနေတာကို မသိဘဲ အချိန် အကြာကြီးထားလိုက်မိလို့ ဝမ်းတွေနဲ့ထိတွေ့မိတာ
စားနေကျ အစားအစာတွေအပြင် အစားအသောက် အသစ်အဆန်းတွေ စားသုံးမိတာ
ကလေးရဲ့အရေပြားက တုံ့ပြန်လွယ်တဲ့အခြေအနေ ဖြစ်နေတာ၊
ကလေးကို သေးခံဝတ်ပေးထားတာ အရမ်းတင်းကျပ်နေတာတွေကြောင့် ကလေးလေးတွေမှာ သေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။
ကလေးပိစိကွေးလေးတွေမှာ အဖြစ်များတဲ့ သေးခံလောင်တာကို သက်သာစေဖို့
သေးခံလောင်တာက ကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာဆိုပေမယ့် အရေပြား ပိုးဝင်တာလိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ သေးခံလောင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့အတွက် သေးခံလောင်တာကို သက်သာအောင်လုပ်ဆောင်ပေးလို့ရတဲ့ နည်းလမ်းလေးတွေတော့ရှိပါတယ်။
သန့်ရှင်းခြောက်သွေ့အောင် ထားပါ
သေးခံလောင်တာကိုကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး နဲ့လွယ်ကူထိရောက်ဆုံး နည်းလမ်းတစ်ခုက သေးခံဝတ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့အောင်ထားတာပါ။ သေးခံမလောင်အောင် ကာကွယ်ပေးနိုင်သလို သေးခံလောင်တာကိုလည်း သက်သာစေမှာပါ။
သေးခံကို စိုပြီဆိုတာနဲ့လဲပေးပါ
ကလေးလေး သေးခံက စိုနေပြီ ညစ်ပေနေပြီဆိုတာနဲ့ ချက်ချင်း လဲပေးလိုက်ပါ။ ဒါမှ သေးခံညစ်ပေတာကြောင့် အရေပြား ထိခိုက်နိုင်ခြေ နည်းသွားမှာပါ။
သေးခံလဲတိုင်း သန့်ရှင်းရေး လုပ်ပါ
သေးခံလဲပေးတိုင်းမှာ ကလေးကို သန့်ရှင်းရေး လုပ်ပေးပါ။ ရေနွေးနွေးလေးကို ဂွမ်းစလေး သုံးပြီး သန့်ရှင်းရေး လုပ်ပေးလို့ရသလို wet tissueကို အသုံးပြုပေးလို့လည်း ရပါတယ်။ wet tissueကို ရွေးတဲ့အခါ အယ်လ်ကိုဟောနဲ့ အမွှေးနံ့မပါတာတွေကို ရွေးချယ်ပေးပါ။
သန့်ရှင်းရေး လုပ်ပြီးရင် ခြောက်သွေ့အောင် သုတ်ပါ
ကလေးကို သေးခံအသစ်လဲပေးဖို့ သန့်ရှင်းရေး လုပ်ပြီးတိုင်းမှာ ခြောက်သွေ့အောင် သုတ်ပါ။ ဒီလို သုတ်ပေးတဲ့အခါ တဘက်စ နုနုသန့်သန့်လေး ဒါမှမဟုတ် ပိုးသတ်ထားတဲ့ တစ်သျှူးစ နုနုလေးတဲ့ ခပ်ဖွဖွလေး သုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုး မလုပ်ပါနဲ့။ ကလေးရဲ့ နုနယ်တဲ့အရေပြားလေး ထိခိုက်စေနိုင်တာကြောင့်ပါ။
ချောင်ချောင်ချိချိ ဝတ်ဆင်ပါ
ကလေးကို သေးခံဝတ်ပေးတဲ့အခါ ကြပ်ကြပ်ကြီး မဝတ်ပေးပါနဲ့။ သေးခံကို တင်းတင်းကြပ်ကြပ်ကြီး ဝတ်ပေးထားတာက အရေပြားပွန်းတာတွေ၊ ထိခိုက်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။ လေဝင်လေထွက် ကောင်းတဲ့ ပွပွချောင်ချောင် သေးခံကို ဝတ်ဆင်ပေးပါ။
သေးခံ အမြဲဝတ်ပေး မထားပါနဲ့
ကလေးကို တစ်ချိန်လုံး သေးခံဝတ်ပေးထားတာ သေးခံလောင်စေရတဲ့ အကြောင်းအရင်း တစ်ခုပါ။ ဒါကြောင့် ကလေးကို သေးခံ အမြဲ ဝတ်ပေးထားတာမျိုး မလုပ်ပါနဲ့။ ပြင်ပလေနဲ့ ထိတွေ့အောင် အနှီး ခပ်ပါးပါးလေး ပတ်ပေးထားတာမျိုး ဖြစ်ဖြစ် လုပ်ပေးပါ။ လေဝင်လေထွက်ကောင်းအောင် ထားပေးပါ။
အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလုပ်ပေးတာက ကလေးလေးတွေမှာ ဖြစ်တဲ့ သေးခံလောင်တာကို သက်သာစေနိုင်မှာပါ။ ဒီနေရာမှာ တစ်ချက် သတိထားရမှာက ကလေးလေးကို သေးခံလဲပေးခါနီးတိုင်း လက်ကို သေချာလေး ဆေးကြောပေးပါ။
ရေးသားသူ - မွန်မွန်